ဘ၀(သော်တာ)

ဘဝ

တပြေးညီကွဲပြားမှုများကို တနေရာထဲတွင် စိတ်တိုင်းကျရရှိနိုင်သည်မှာ ဘ၀ ဖြစ်သည်။
နေ့ရက်၊ အချိန်၊ နေရာ စသော အရေးမပါမှုများနှင့် ထပ်တူအရေးတယူပြုမူခြင်းခံရသော
ဂုဏ်၊ချမ်းသာကြွယ်ဝမှု ၊ မျိုးရိုး အဆင့်အတန်း တို့ သေချာကျနစွာ ခွဲခြားထားသည်ကိုလည်း လေ့လာနိုင်သည့်နေရာဖြစ်သည်။
ရေရာသေချာမှုများနှင့် မရေရာမသေချာမှုများ အားလုံးတို့ကို ခွဲခြားမစွမ်းနိုင်သော မသိခြင်းအမှောင်ထုလည်း
ဘ၀ တိုင်းအတွက် မွေးဖွားချိန်မှသေဆုံးချိန်အထိ ပါဝင်ပါသည်။
သင့်အတွေးထဲတွင်ရှိသော ဘ၀သည် အပြင်ဘ၀နှင့်ထပ်တူကျခြင်း မကျခြင်း မှာပြီးဆုံးခဲ့ပြီးသော
အတိတ်ဘ၀နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။
ကွဲပြားမှုများသည် ညင်သာလျှင်မြန်လွန်းသော်လည်း ဘ၀တွင် အချိန်တိုင်း ရွေ့လျားပြောင်းလဲနေသည်ကို သင်တွေ့ရမည်။
ချစ်စဖွယ်ကလေးငယ်ဘ၀တွင် ဟစ်တလာ အပြစ်ကင်းသည်။
ချာလီချက်ပလင် အပြစ်ကင်းသည်။ မိုးဟေကို အပြစ်ကင်းသည်။
အပြစ်ကင်းစင်မှုတခုတည်းကြောင့်ဆိုလျှင် ကလေးငယ်ဘ၀တွင် လူတိုင်းသူတို့ဘ၀ကိုအဆုံးသတ်ချင်ကြမည်။
ငါးပါးသီလစောင့်ထိန်းခြင်းကြောင့် ခါးပိုက်နှိုက်တစ်ယောက် ထမင်းငတ်နိုင်သည်။
အလုပ်ရှင်ကျင့်ဝတ်စောင့်ထိန်းခြင်းကြောင့် အလုပ်သမားတိုင်းထမင်းဝနိုင်သည်။
ဘ၀ တွင် အရေးပါသည်ဟု အများကသတ်မှတ်မှုအားလုံးကို ဖြတ်စီးပစ်လျှင် တကယ်အရေးပါမှုကိုရှာတွေ့နိုင်မည်လား။
ရက်စက်သောဖိနှိပ်ခံအခြေအနေတွင် ဘ၀သည်ခါးသီးစွာ လှသည်။
အောင်မြင်မှုပေါင်းများစွာ သရဖူဆောင်းနေရသောအခြေအနေတွင် ဘ၀သည် မက်မောစရာကောင်းစွာ လှသည်။
မိမဲ့ဘမဲ့ အခြေအနေတွင် ဘ၀သည် အထီးကျန်စွာ လှသည်။
ယုတ္တိကျကျကွဲပြားမှုများနှင့် သဘာဝလွန်ကွဲပြားမှုများကြားတွင် ဘ၀သည်အမှန်တကယ်ရှိမနေခဲ့ပါ။
စိတ်ကူးနှင့် လက်တွေ့သဟဇာတမဖြစ်မှုများကြောင့် ဘ၀သည် ရေးကြီးခွင်ကျယ်ကိစ္စဖြစ်လာခဲ့သည်။
သို့သော် ဘ၀သည် မသိမှုများကြောင့် လှသည်။ ဘ၀သည် အရေးမပါသည့် အရေးပါမှုများကြောင့် လှသည်။
ဘ၀သည် စိတ်ကူးမျှော်လင့်ချက်ကြောင့် လှသည်။ ဘ၀သည် တကယ်မရှိသော အရှိတရားများကြောင့် လှသည်။
ဘ၀သည် စီးဆင်းလှုပ်ရှားနေသော မတည်မြဲမှုများကြောင့် လှသည်။
သင့်တွင်ဘ၀တခုရှိနေသည်ဟု သင်သတိထားမိခဲ့လျှင် သင့်ဘ၀တွင် အလှတရား တခုခုရှိနေမှာ သေချာပါသည်။

သော်တာ (19.5.09)
0 Responses