ရှုပ်ရှက်ခက်တဲ့
Orchad Road ရဲ့ညနေ
ခြေလှမ်းတွေကိုဝင်းလက်အောင်ထွန်းညှိ
ငါ့ကိုယ်ငါအရောင်တွေနဲ့ရောနေမိတယ်။
ခရစ်(စ)မတ် တဲ့......
ငါကတော့နှစ်ကုန်တော့မှာကိုပဲ
အများဆုံးတွေး
ဆာလောင်တဲ့အတွေးတွေနဲ့လေ။
တကယ်တော့
ဘ၀ဆိုတာ Orchard Road လို
အမြဲလှနေရင်
ပျော်ရွှင်ခြင်းတွေ၊လူတိုင်းရဲ့အိမ်မှာ
ခူးဆွတ်လို့ရနေမှာပေါ့။
ဒါပေမယ့်
မလွှဲသာတဲ့ညတွေကိုသိမ်းပိုက်
ဒီကဗျာနဲ့
စင်္ကာပူကိုနှုတ်ဆက်လိုက်တော့တယ်။
မင်းသန့်
|
ကဗျာ ဆိုတာ ဖတ်တဲ့လူနဲ့ အတော်ဆိုင်တာ။
ကိုယ်ကတော့ ခံစားချက်တွေတနင့်တပိုးနဲ့ရေးထားပေမယ့် ဖတ်တဲ့လူက အဓိပါယ်ပေါက်တော့တစ်မျိုးဖြစ်တက်တယ်ဆိုတာ
ရေးဘူးတဲ့လူတိုင်းသိတယ်။
တခါတခါ ရယ်စရာတောင်ဖြစ်သွားတက်သေးတယ်။
မှတ်မှတ်ရရ အဲဒီကဗျာစာအုပ်က ကျွန်တော့ပထမဆုံး တစ်ကိုယ်တော် စာအုပ်ဗျ။
အလကား ဝေတာဆိုတော့ အုပ် ၅၀ ထုတ်တာ အကုန်ကုန်တာပဲ။ဒါတောင် နောက်ဆုံးတစ်အုပ်ကို ယူမယ့်လူမရှိလို့ စာရိုက်ပေးတဲ့ အမကြီးကို ပေးလိုက်ရတယ်
အောင်မြင်တယ်ပဲဆိုပါတော့ဗျာ။
ကျွန်တော့် အကျင့်တစ်ခုက ကျွန်တော့်ကဗျာကို သူများတွေကိုပေးဖတ်ပြီးရင် ကောင်းလား၊မကောင်းလား မမေးပဲ မသိချင်ယောင်ဆောင်နေတက်တာ။
ဒါပေမယ့် စိတ်ထဲကတော့ သူတို့ဘာသာ သူတို့ ဝေဖန်လာမှာ ကိုမျှော်လင့်နေတာပေါ့။ဒါမှလည်း သူတို့ရဲ့တကယ့်ထင်မြင်ချက်ကိုရမယ်လို့ ထင်တာကိုး။
ဒီလိုနဲ့ စာအုပ်ဝေပြီး လို့တစ်ပတ်လောက်သာနေရော၊ဘယ်သူ့ဆီကမှ ဘာသံမှမကြားရတော့ ကျွန်တော့ခင်ဗျာ အတော် မချင့်မရဲဖြစ်နေမိတာပေါ့။
ကံကောင်းချင်တော့ မျိုးဇော် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က လက်ဘက်ရည်ဆိုင်မှာ အဲဒီကဗျာစာအုပ်ကိုဖတ်နေတုန်း ကျွန်တော်နဲ့တဲ့တဲ့တိုးပါလေရော။
ဒါနဲ့ ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ သူဖတ်တဲ့အနားသွားပြီးမယောင်မလည်လုပ်နေလိုက်တယ်။
သူကလည်း သဘောပေါက်တယ်ထင်ပါတယ်၊တစ်ခုခုတော့ပြောမှကောင်းမယ်လို့တွေးမိပြီး ကဗျာစာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ အတော်ကြိုးစားရှာနေလိုက်တာ
“ဆောင်း” ဆိုတဲ့ ကဗျာလဲရောက်ရော အတော်ကြာကြာမျက်မှောင် ကြီးကုပ်ပြီး ဖတ်နေရော။ကျွန်တော်လဲရင်တထိတ်ထိတ်နဲ့စောင့်နေတာပေါ့။အဲဒီကဗျာက ဒီလိုဗျ။
ဆောင်းလေအတိုက်၊နှင်းအရိုက်မှာ
ရွက်ဝါတွေလဲကြွေခဲ့ပြီ။
ရွက်ဝါကြွေသည့်ပင်မြင့်ထက်ဆီ
သဇင်တွေလဲပွင့်ခဲ့ပြီ။
၁၅ မိနစ်လောက်လဲနေရော ကျေနပ်သွားသလို ပြုံးပြီးတော့ ကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်။
“ဟေ့ရောင် ၊ဆောင်းတွင်းမှာ သစ်ရွက်တွေကကြွေလို့လား ဟ”
တဲ့ ။ ကဲ.....ကောင်းရော။
မင်းသန့်
|