ဇာတ်သိမ်းခန်း

မျှော်လင့်ထားတာထက်
ပိုပြီးတိတ်တိတ်ဆိတ်ဆိတ်
ရှိနေခဲ့တယ်။

ရုတ်တရက်ကျရောက်လာတယ်
ဆိုပေမယ့် ...
မမျှော်လင့်ထားခဲ့တာတော့မဟုတ်ပါဘူး။

ဖြစ်နိုင်ရင်
ဒီကဗျာကိုခုထက်ပိုပြီုး
နင့်နင့်သည်းသည်းရှိစေချင်ခဲ့တာ
ဒါပေမယ့် အသည်းသာကွဲရော
ရင်ထဲက အချစ်က
ဒီအတိုင်းကျန်နေတုန်း

ဒီလိုနဲ့ ...
ကျောမခိုင်းပဲ
တစ်ယောက်တစ်လမ်း
မဆုံတမ်းလျှောက်ခဲ့ကြရတော့တယ်။

မင်းသန့်

ပုံသဏ္ဍာန်မမှန်တဲ့နေ့

ပုံသဏာန်မမှန်တဲ့နေ့က
နင့်နင့်သည်းသည်းရွာတဲ့မိုးတွေ
အတွေ့အကြုံမရှိတဲ့ ချောင်းငယ်မြောင်းငယ်တွေကို
ပျော်တော်ဆက်ပေးနေတယ်
ပြီးတော့လည်းပြီးသွားတာပါပဲ
ဟောဒီရင်ခွင်ကသာ
မတောက်တခေါက်နွေးထွေးမှုကို
စွတ်စိုမှုနဲ့စတေးခံခဲ့
အိပ်တန်းပြန်မယ့်ငါတို့ရဲ့ငှက်တွေမှာ
သစ်ပင်မရှိတာမဆန်းတော့ဘူး
one for sorrow.....
ငါ့အတွက်တော့.....
two for sorrow..
three for sorrow..လည်းဖြစ်တယ်
ဒီနေ့ကတော့တကယ့်ကို
ပုံသဏာန်မမှန်တဲ့နေ့ပဲ။။
လင်းကို

သစ်စိမ်းချိုး

မြက်တစ်ပင်ရဲ့ရှင်သန်မှုဟာ
အခြားမြက်တစ်ပင်မဟုတ်မှန်းသိတဲ့နောက်
ကျွန်တော်လူလားမြောက်ခဲ့ပြီ
အင်းပေါ့လေ
သူ့အတွက်ရှင်သန်မယ်ဆိုတဲ့စိတ်ကူး
အဆိပ်စူးတွေစူးခဲ့ပြိကိုး
အချစ်ကိုငွေနဲ့ဝယ်လို့မရဘူး
ဒါပေမယ့်ရှင်သန်မှုကိုတော့
ငွေနဲ့ဝယ်လို့ရတယ်
အချစ်မှာပကာသနတွေမလိုဘူး
ဒါပေမယ့်လူတစ်ယောက်ရှင်သန်ဖို့အတွက်တော့
ကောင်းကောင်းကြီးလိုတယ်
ကျွန်တော်အ၀ယ်ခံခဲ့ရတယ်
လိုအပ်ချက်တွေကြားထဲမှာ
အပယ်ခံခဲ့ရတယ်....
နောက်ကျပြီးမှသီးတဲ့မျှော်လင့်ချက်တွေ
ဘာအတွက်များမှည့်နေကြဦးမှာလည်း
ကျွန်တော့်အတွက်တော့
အစိမ်းသက်သက်အချိုးခံရမယ့်
သစ်ကိုင်းတစ်ကိုင်းသာလိုခဲ့။။။။

လင်းကို

ဘ၀(သော်တာ)

ဘဝ

တပြေးညီကွဲပြားမှုများကို တနေရာထဲတွင် စိတ်တိုင်းကျရရှိနိုင်သည်မှာ ဘ၀ ဖြစ်သည်။
နေ့ရက်၊ အချိန်၊ နေရာ စသော အရေးမပါမှုများနှင့် ထပ်တူအရေးတယူပြုမူခြင်းခံရသော
ဂုဏ်၊ချမ်းသာကြွယ်ဝမှု ၊ မျိုးရိုး အဆင့်အတန်း တို့ သေချာကျနစွာ ခွဲခြားထားသည်ကိုလည်း လေ့လာနိုင်သည့်နေရာဖြစ်သည်။
ရေရာသေချာမှုများနှင့် မရေရာမသေချာမှုများ အားလုံးတို့ကို ခွဲခြားမစွမ်းနိုင်သော မသိခြင်းအမှောင်ထုလည်း
ဘ၀ တိုင်းအတွက် မွေးဖွားချိန်မှသေဆုံးချိန်အထိ ပါဝင်ပါသည်။
သင့်အတွေးထဲတွင်ရှိသော ဘ၀သည် အပြင်ဘ၀နှင့်ထပ်တူကျခြင်း မကျခြင်း မှာပြီးဆုံးခဲ့ပြီးသော
အတိတ်ဘ၀နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။
ကွဲပြားမှုများသည် ညင်သာလျှင်မြန်လွန်းသော်လည်း ဘ၀တွင် အချိန်တိုင်း ရွေ့လျားပြောင်းလဲနေသည်ကို သင်တွေ့ရမည်။
ချစ်စဖွယ်ကလေးငယ်ဘ၀တွင် ဟစ်တလာ အပြစ်ကင်းသည်။
ချာလီချက်ပလင် အပြစ်ကင်းသည်။ မိုးဟေကို အပြစ်ကင်းသည်။
အပြစ်ကင်းစင်မှုတခုတည်းကြောင့်ဆိုလျှင် ကလေးငယ်ဘ၀တွင် လူတိုင်းသူတို့ဘ၀ကိုအဆုံးသတ်ချင်ကြမည်။
ငါးပါးသီလစောင့်ထိန်းခြင်းကြောင့် ခါးပိုက်နှိုက်တစ်ယောက် ထမင်းငတ်နိုင်သည်။
အလုပ်ရှင်ကျင့်ဝတ်စောင့်ထိန်းခြင်းကြောင့် အလုပ်သမားတိုင်းထမင်းဝနိုင်သည်။
ဘ၀ တွင် အရေးပါသည်ဟု အများကသတ်မှတ်မှုအားလုံးကို ဖြတ်စီးပစ်လျှင် တကယ်အရေးပါမှုကိုရှာတွေ့နိုင်မည်လား။
ရက်စက်သောဖိနှိပ်ခံအခြေအနေတွင် ဘ၀သည်ခါးသီးစွာ လှသည်။
အောင်မြင်မှုပေါင်းများစွာ သရဖူဆောင်းနေရသောအခြေအနေတွင် ဘ၀သည် မက်မောစရာကောင်းစွာ လှသည်။
မိမဲ့ဘမဲ့ အခြေအနေတွင် ဘ၀သည် အထီးကျန်စွာ လှသည်။
ယုတ္တိကျကျကွဲပြားမှုများနှင့် သဘာဝလွန်ကွဲပြားမှုများကြားတွင် ဘ၀သည်အမှန်တကယ်ရှိမနေခဲ့ပါ။
စိတ်ကူးနှင့် လက်တွေ့သဟဇာတမဖြစ်မှုများကြောင့် ဘ၀သည် ရေးကြီးခွင်ကျယ်ကိစ္စဖြစ်လာခဲ့သည်။
သို့သော် ဘ၀သည် မသိမှုများကြောင့် လှသည်။ ဘ၀သည် အရေးမပါသည့် အရေးပါမှုများကြောင့် လှသည်။
ဘ၀သည် စိတ်ကူးမျှော်လင့်ချက်ကြောင့် လှသည်။ ဘ၀သည် တကယ်မရှိသော အရှိတရားများကြောင့် လှသည်။
ဘ၀သည် စီးဆင်းလှုပ်ရှားနေသော မတည်မြဲမှုများကြောင့် လှသည်။
သင့်တွင်ဘ၀တခုရှိနေသည်ဟု သင်သတိထားမိခဲ့လျှင် သင့်ဘ၀တွင် အလှတရား တခုခုရှိနေမှာ သေချာပါသည်။

သော်တာ (19.5.09)

မိုးနေ့

ငါ့ရှေ့ကကော်ဖီခွက်
မျှော်လင့်ချက်နဲ့
တထောင်းထောင်းထနေချိန်
ခေါင်မိုးပေါ်ကမိုးရေစက်တွေ
မျက်ရည်စက်လက်နဲ့
ငိုကြွေးကြ၊
မိုးဟာအဓိပါယ်မရှိ
ဆက်ပြီးရွာနေတယ်။
လက်ကြားက လန်ဒန်တစ်လိပ်
ညကလက်ကျန်ပုလင်းအခွံတွေ
ခေါင်းအုံးလို့
ဒီလိုအထီးကျန်တဲ့မိုးနေ့တွေကို
ဖြတ်သန်းဦးပေါ့။
ဘ၀က သုညကိုပဲထပ်မွေးပေးတယ်။

မင်းသန့်

ဒီမနက်ခင်း

နေရောင်ခြည်မတောက်တခေါက်မှာ
မနက်ခင်းကိုဖွင့်လိုက်တော့
မျက်လုံးတွေအိပ်ယာထကြတယ်
စိတ်ကူးတွေကအိပ်တုန်း
ပါးစပ်တွေကကော်ဖီရနံ့စွဲပြီး
အတွေးတွေကရနံ့ပြယ်လို့.........
ခန္ဒာကိုယ်ကလှုပ်ရှားနေပြီး
ရင်ခုန်သံကမလှုပ်မရှက်..........
ခြေထောက်တွေကသွားနေပြီး
ဦးနှောက်ကမသွားနိုင်တော့.......
ဟောဒီမနက်ခင်းမှာ
ခံစားမှုကလွဲပြီး
အရာရာအသက်ဝင်နေတယ်......
လင်းကို

ရွက်ကျပင်ပေါက်

ဒီပန်းခင်းထဲမှာတော့
အလေ့ကျပေါက်ပင်တွေက ငါတို့ပေါ့
ပန်းပင်လေးတွေပိုးကျတော့
ငါတို့စိတ်ဓာတ်တွေပါပိုးကျနေတယ်
ဘ၀က....ပေါင်းမြက်တွေလို
မခေါ်ပဲနဲ့သုတ်ခနဲဝင်လာတဲ့လေပြည်လို
အရောင်တွေဖြန့်ထားတဲ့နေခြည်လို....
ကစဉ့်ကလျားနဲ့....။
ငါတို့ငေးရတယ်........
ရောင်စုံပန်းပွင့်တွေကို..
အလင်းအမှောင်မကွဲပြားတဲ့နေ့..ညတွေလို
ရေစိုနေတဲ့...စာမျက်နှာတွေလို
ဖျတ်ခနဲတွေ့လိုက်ရတဲ့မျက်နှာတွေလို
မထင်မရှား....ခြားနားစွာနဲ့။
ငါတို့ရှိုက်ယူရတယ်....
လေထုထဲကသစ်ဂျပိုးရနံ့လို
ကံ့ကော်ပင်အောက်ကရွက်ကြွေရနံ့လို
နွေဦးမိုးရဲ့မြေသင်းနံ့လို
အခွံမဲ့နေတဲ့ ငှက်ပျောသီးလေးရဲ့....
နောက်ဆုံးမွှေးရနံ့လို......
စက္ကူပန်းတွေရဲ့နောက်ဆုံးရနံ့လို
စူးစူးရှရှ လတ်ဆတ်စွာနဲ့
မျက်လုံးတွေသာကျယ်ကုန်ကြတယ်
အိပ်လို့ကောင်းနေတုန်း
ဘ၀က ပိုးကျနေတုန်း........။
လင်းကို

ဘ၀(မင်းသန့်)

ဘ၀ကိုကဗျာတစ်ပုဒ်လိုစကားပြေသို့ပြန်လို့ရရင် ခဏခဏအဓိပါယ်ဖွင့်ကြည့်မိမည်ထင်သည်။
ရုပ်ရှင်ကားတစ်ကားထဲမှာဘ၀ရှိ၊မရှိ နှင့် ၀တ္တုတစ်အုပ်ထဲမှာ ဆိုတာတွေးကြည့်စရာမကောင်းလှပါ။
ကျွန်တော်တို့အလိုရှိလျှင်ကြိုက်သလိုအဓိပါယ်သက်မှက်ခံရန်ဘ၀သည်အမြဲအဆင်သင့်ရှိနေခဲ့ပါသည်။
ဥပမာများစွာ အဆိုအမိန့်များစွာနှင့်အဓိပါယ်ဖွင့်ဆိုလျှင်လည်းဘ၀သည်အပြုံးမပျက်ဒီအတိုင်းဆက်ပြီး
လျှို့ဝှက်ဆန်းကြယ်နေမြဲသာဖြစ်သည်။

နောက်ဆုံးအချိန်တွင်ဘာကိုမှဆက်ပြီးသိမ်းပိုက်မထားနိုင်သော
ဘ၀မှာကျွန်တော်တို့သည်အရာအများအပြားကိုသိမ်းပိုက်နိုင်ရန်ကြိုးစားရင်းဖြတ်သန်းလျက်ရှိပါသည်။
မသေခင်အတွက်လို့ကိုယ့်ကိုကိုယ်ဆင်ခြေပေးကြရင်းလိုအပ်တာထက်ပိုမိကြပါသည်။ကိုယ့်ဝမ်းနာကိုယ်
မေ့ကြပါသည်။

သို့သော်အလင်းရောင်သည်လုံးဝပျောက်ဆုံးမနေပါ။နှလုံးသားထဲမှဦးထိပ်ပန်ဆင်နိုင်လျှင်အလင်းရောင်၏
ဘာသာစကားကိုနားလည်နိုင်ပါလိမ့်မည်။ထိုအတွက်ဆန္ဒနှင့်ကြိုးစားအားထုတ်မှု့သာလိုအပ်ပါသည်။
သစ်ပင်တစ်ပင်ချင်းကြည့်နေသဖြင့်တောအုပ်ပုံကိုမသိချင်းနှင့်တောအုပ်ကိုသာကြည့်သဖြင့်သစ်ပင်တွေကို
ဂရုမစိုက်မိချင်းအဖြစ်မှကင်းဝေးပြီးမျက်မမြင်ပုံဏ္ဏားခြောက်ယောက်ဘ၀မှလဲလွတ်မြောက်နိုင်ပါသည်။

သို့သော်နေစဉ်လူမှု့ဘ၀ကအမြင့်ပြန်မည့်ခြေထောက်များကိုလေးလံစေပါသည်။
အတွေးအခေါ်များကိုအချုပ်နှောင်မိစေပါသည်။ရုံးထွက်ရခက်စေရန်မေ့လျော့ခြင်းကိုစစ်ကူအနေနှင့်သုံးသောအခါ
ကျွန်တော်တို့အနေနှင့်အရှုံးပေးလိုက်ရန်မှလွဲ၍အခြားမရှိတော့ပါ။



မင်းသန့်




ဘ၀ (လင်းကို)

Copyသီချင်းဆိုသောသူများမပင်ပန်းကြပါ။ဖြစ်နိုင်လျှင်ကျွန်တော်လည်းဘ၀ကိုcopy သီချင်းလုပ်ပြီးသာဆိုပစ်လိုက်ချင်ပါသည်။
ကျွန်တော်သောက်နေကြပေါ့ဆိမ့်လက်ဖက်ရည်သည် ကျွန်တော့်ဘ၀မဟုတ်သော်လည်းကျွန်တော့်copy သီချင်းဖြစ်လိမ့်မည်။.....
ထိုသို့ဖြင့်အံဝင်ခွင်ကျလွဲချော်နေသောဘ၀တွင်ကျွန်တော်နေသည်..။Cybercafeများတွင်ထိုင်သည်။
သီချင်းမရှိသောလက်ဖက်ရည်ဆိုင်များတွင်ထိုင်သည်။
နေ၀င်ချိန်ကိုမြင်ရသောနေရာတစ်ချို့တွင်ကျွန်တော်ထိုင်သည်..။
တစ်ချို့တွေသွက်သွက်လက်လက်ဖြင့်ဘ၀ကိုရင်ဆိုင်နေကြသည်။ကျွှန်တော်သာထိုင်ကြည့်သူဖြစ်နေတုန်း..။
လမ်းလျှောက်ထွက်ဖို့အတွက်ကျွန်တော်ထိုင်နေခြင်းလား...ထိုင်နေဖို့အတွက်လမ်းလျှောက်နေခြင်းလား...
ကျွန်တော်မသိခဲ့ပါ...။ပြတင်းပေါက်မှကြည့်လျှင်ကြယ်များကိုမြင်ရသည်.....ကြယ်ပေါ်မှကြည့်လျှင
်ကျွန်တော့်ပြတင်းပေါက်ရှိနေပါ့မလား........။ကျွန်တော်အတွေးတွေထဲမှာနစ်နေသည်။
လောကကြိးဆီကပိုက်ဆံကောက်ရသောလူတစ်ချို့ကကျွန်တော့်ညကိုဝယ်သွားကြသည်။
သီချင်းအတုကိုဝယ်သွားကြသည်။ကျွန်တော်ဝယ်ချင်သောအရာမှန်သမျှကိုဝယ်သွားကြသည်။
ဘ၀သည်ကျွန်တော်အလွန်ကြိုက်သော မင်းလူဝတုများထဲမှတစ်ပုဒ်သာဖြစ်စေချင်ပါသည်...။
အတိတ်ဆိုသည်မှာ..
အမှိုက်ခြင်းထဲမှလုံးချေထားသောစကူဖြစ်သည်..။မျက်နှာမပြ၀ံ့သော ကန့်သတ်နယ်မြေဖြစ်သည်...။
မျှော်လင့်ချက်များဧ။်သံစုံတီးဝိုင်းဖြစ်သည်....။အားကုန်ရိုက်ခွဲခံရသော ရေခဲတုံးဖြစ်သည်....။အသည်းခွဲသူများဧ။်ပန်းခြံဖြစ်သည်.....။
ရှည်လျှားလွန်းသော မြက်ပင်များဖြစ်သည်....။ခါးသက်သောအရသာရှိသည့်ဘီယာတစ်ဘူးလည်းဖြစ်သည်.....။
ပစ္စုပန်ဆိုသည်မှာ......
အပြုံးများနှင့်နေရောင်ခြည်နေ့ရက်ဖြစ်သည်.....။ပန်းပွင့်များဖြင့်မွှေးသောအိပ်ယာဖြစ်သည်......။
တရားစာအုပ်တစ်အုပ်ဧ။်မာတိကာဖြစ်သည်..။လေညှင်းနှင့်ပက်သည့်လယ်ကွင်းစိမ်းဖြစ်သည်.....။
ကြယ်မကြွေရသောဒေသဖြစ်သည်...။သူငယ်ချင်းကောင်းတစ်ယောက်......နှစ်ချို့ဝိုင်တစ်ပုလင်းနှင့်......
ဂစ်တာတစ်လက်တို့ဧ။်ကိုင်းညွှတ်မှုဖြစ်သည်။ ဗာဒံပင်များဧ။်အေးမြမှုလည်းဖြစ်သည်.......။
အနာဂတ်ဆိုသည်မှာ.......
စာတစ်ပုဒ်ရေးရန်အတွက်ဘောလ်ပင်အဆင်သင့်ရှိသည်။ဘ၀ကိုရေးခြစ်ရန်ဘောလ်ပင်အဆင်သင့်ရှိပါဧ။်လော...။
ကျွန်တော်ချစ်သောကောင်မလေးကိုသာစင်မြင့်ထက်ပို့ချင်သည်။ ဒညင်းသီးကိုကျွန်တော်အနံ့မပါလျှင်ကြိုက်မည်...။
မတရားသဖြင့်ဆက်ဆံခြင်းကိုကျွန်တော်ရွံရှာပါသည်..။သို့ရာတွင်အားကြီးသူနှင့်အားငယ်သူကျွန်တော်မခွဲခြားတတ်ခဲ့။
လင်ကွန်းကိုကျွန်တော်သိသော်လည်း မာသာထရီဆာကိုကျွန်တော်မရင်းနှီးပါ..။
နွေမကုန်ခင် ရွာသောမိုးတွင်ထီးအဆင်သင့်မရှိ...။ရွှံ့နှင့်ရေရောသောဗွက်အိုင်များသာရှိသည်..။
ဘ၀တွင်ကျွန်တော်အမှန်တကယ်နေထိုင်ပါသည်...။သို့ရာတွင်ကျွန်တော်ဧ။်နေထိုင်ခြင်းသည်အမှန်တကယ်ဖြစ်ပါဧ။်လော....။
လောကတွင်အင်အားရှိသောစကားကချို့တဲ့သောစကားကို မြိုပစ်သည်..။အားကြီးသူကအားနည်းသူကို ဖယ်ပစ်သည်....။
ဆင်ခြင်တုံတရားတစ်ခုသာ အားလုံးကိုအောင်နိုင်လိမ့်မည်.....။ကျွန်တော့်ဘ၀အတွက် တကူးတကလုပ်ပြီးဘယ်သူ့ကိုမှမမြိုချင်သလို
ဘယ်သူ့ကိုမှလည်းမဖယ်ပစ်ချင်ပါ...။လမ်းကြုံလျှင်လည်း လုပ်ဖြစ်လိမ့်မည်မဟုတ်ပါ....။
မင်းသန့်ကဘာပြောမည်နည်း....။ပြည့်ဖြိုးအောင်၊ သော်တာ၊ Bijin၊ Koala၊ Greenmoon၊ ခိုင်သဇင် တို့ကဘာပြောမည်နည်း...။
ကျွန်တော်မသွားရသေးခင်မှာပင် ဘ၀က ရောက်နှင့်ခဲ့ပြီးပြီ..။
လင်းကို

ကောင်းကင်အလွန်ချိုင့်ဝှမ်း၏တူးဆွခြင်း

အ၀ါရောင်များ
အနီရောင်
ပိန်းပိတ်အောင်မှောင်လျက်
ကျွန်တော်ဘက်ကပြတင်းပေါက်
တစ်ခြမ်းဖွင့်လျက်
အိပ်မက်တွေသေဆုံးပြီးလျင်.........

စကားလုံးများ၏ လွဲမှားမှု့မှာ
ကဗျာရေးသူ၏လွဲမှားမှု့မဟုတ်ပါ။
ထို့ကြောင့် အဂ္ဂါအယ်လင်ပိုးသေပါသည်။
ထို့ကြောင့် မောင်ချောနွယ်သေပါသည်။
ထို့ကြောင့် တာရာမင်းဝေသေပါသည်။
ကျွန်တော်လည်းမြန်မြန်သေနိုင်ပါသည်။

အမှန်တရားနောက်လိုက်ရင်း
ပျောက်ဆုံးသွားသောအရာများ
ကောင်းကင်၏တစ်နေရာရာတွင်
ရှိလိမ့်မည်ဟုယူဆခြင်းမှာ
အတ္တကြီးမှု့သာဖြစ်လျှင်
အနုပညာမှာ လူတွေနှင့်ဝေးရာသို့
ပြေးပါလိမ့်မည်။

နိမ့်ကျသွားသောဖြစ်စဉ်
အချို့ကြောင့် ဘ၀အချို့နလံမထူနိုင်တော့ချေ။
ထိုကိစ္စမှာ မာယာ(အထူးသဖြင့် မိန်းမများ)နှင့်
မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။

ဒီကဗျာကို ကွင်းစကွင်းပိတ် စကားများ
နည်းအောင်ကြိုးစားရေးပါသည်။
ထို့ကြောင့် ကျွန်တော် ၀မ်းမနည်းပါ။

မမြင်နိုင်ရုံ နှင့်မရှိပါဟု
ခင်ဗျားငြင်းဆိုလာသောတစ်နေ့
ကိုယ်တိုင်တူးဖော်ထားသော
ယခုလို စကားလုံးအကျိုးအပဲ့များနှင့်
ဆက်လက်ငြင်းဆန်သွားမည်ဖြစ်ပါကြောင်း..................။

မင်းသန့်

မျှော်လင့်ချက်

နွေရာသီမရောက်သေးပေမယ့်
ရင်တစ်ခွင်လုံးပတ်ကြားအက်
ချူပ်ရိုးမဖြေရသေးတဲ့ငါ့ရဲ့ညတွေ...................
တစစ်စစ်နာနေတုန်းပါပဲ
သူ့အကြည့်တစ်ချက်နဲ့တင်
ဘ၀ကသစ်ရွက်ခြောက်လို ကြေမွသွားရတယ်
တိမ်တိုက်လေးတွေရယ်
စကားတစ်ခွန်းအမှန်ဆိုချင်ပါတယ်
သူခေါင်းညိတ်ခဲ့တယ်
့် သူခေါင်းခါခဲ့တယ်
သူလေအပြောင်းအလဲမြန်လွန်းပါတယ်
သွားပါများပေမယ့်ခရီးမရောက်နိုင်တော့သူ
အဖြူရောင်အလံလည်းမထူနိုင်တော့
မျှော်လင့်ချက်တစ်ခုကလွဲပြီး
ရင်ထဲမှာဘာမှမရှိပါဘူး
ဘယ်သူမှမသိအောင်သိမ်းဆည်းထားတယ်
ဒါပေမယ့်သူ့ကိုမှဝန်ခံချင်ခဲ့
ရင်ခုန်သံတွေ အိမ်ယာမဲ့နေတုန်းပဲ
မျှော်လင့်ချက်တစ်ခုကလွဲပြီး
ရင်ထဲမှာဘာမှမရှိပါဘူး။။။။။။။

လင်းကို

အတိတ်တုန်းက

တစ်ညလုံးအသက်မဲ့ခဲ့တဲ့
အိပ်ယာမှာ
လွဲချက်နာခဲ့တာတွေ
သူမသိအောင်ဖွက်ထားတယ်
အချစ်ရေ
မင်းပြုံးနိုင်ပါစေ။
ငါ့အတွက်တော့
လန်ဒန်တစ်လိပ်နဲ့ပဲ
ဖြစ်သမျှအကြောင်းကောင်းနိုင်ပါတယ်။
မနေ့ကမက်တဲ့အိပ်မက်တွေနဲ့
ဒီနေ့ကိုငါရင်ဆိုင်တာပဲ
ငါ့လိပ်ပြာလုံခဲ့ပါတယ်။
မင်းကိုချစ်တဲ့အချစ်မှာ
ဓါတုပစ္စည်းမပါကြောင်း
ပြောတုံးကမင်းရဲ့ရယ်သံ
အခုထိကြားယောင်နေသေးတယ်။
ဒီလိုနဲ့မင်းရဲ့ကောင်းကင်မှာ
ငါစွမ်းနိုင်သလောက်
ကဗျာတွေရေးပေးခဲ့မိတယ်။

မင်းသန့်

တနေ့နေ့မှာ ….



ကိုယ်ယုံကြည်ရာ လျှောက်လှမ်းတော့လို့
အသိစိတ်ကခွင့်ပြုလိုက်ပြီ ….။
မနက်ဖြန်ပေါင်းများစွာကို
ကျော်ဖြတ်ပြီးလာ အခုငါ နှစ်ဆယ့်ငါး။
မနက်ဖြန်ပေါင်းများစွာကို
မျှော်လင့်ချက်များစွာနဲ့သွားဖို့ အခုငါ နှစ်ဆယ့်ငါး။
ကိုယ့်စိတ်နဲ့ကိုယ်ကြူး
ကိုယ်ပြုခဲ့သမျှကံ ကိုယ်ခံရဲဖို့
အဲဒီလောက်တော့ ရဲရင့်မှုရှိရဲ့။
ဒိလိုနဲ့
ကိုယ်သွားမယ့်ခရီး ကိုယ်ရွေးပြီးလှမ်းလာခဲ့တာ
ရည်မှန်းထားသလောက် ဖြစ်ခဲလွန်းတဲ့ဘ၀မှာ
ရည်မှန်းချက်လည်းပျောက်ချင်ချင်….
လိုချင်သလောက် ရခဲလွန်းတဲ့ဘ၀မှာ
လိုချင်စိတ်လည်း မဲ့ချင်ချင်….
ချစ်မိသူတိုင်း ပြန်ချစ်ခဲလွန်းတဲ့ဘ၀မှာ
ချစ်တဲ့စိတ်လည်းကုန်ချင်ချင်….
ဒီလိုနဲ့
ဒီနေ့မှာလည်း ဟိုးအရင်ကအတိုင်း
နောင်တ တချို့တ၀က်နဲ့
သောက အနည်းငယ်နဲ့
လောဘ များများစားစားနဲ့
ကိုယ်ကောင်းရင်ခေါင်းမရွေ့တဲ့
စကားပုံကို ခေါင်းပေါ်မှာတင်ပြီး
ငါဆက်လျှောက်လာခဲ့တာ ….
တနေ့နေ့မှာတော့ ….။ ။

သော်တာ (5/09)