ရှုပ်ရှက်ခက်တဲ့
Orchad Road ရဲ့ညနေ
ခြေလှမ်းတွေကိုဝင်းလက်အောင်ထွန်းညှိ
ငါ့ကိုယ်ငါအရောင်တွေနဲ့ရောနေမိတယ်။
ခရစ်(စ)မတ် တဲ့......
ငါကတော့နှစ်ကုန်တော့မှာကိုပဲ
အများဆုံးတွေး
ဆာလောင်တဲ့အတွေးတွေနဲ့လေ။
တကယ်တော့
ဘ၀ဆိုတာ Orchard Road လို
အမြဲလှနေရင်
ပျော်ရွှင်ခြင်းတွေ၊လူတိုင်းရဲ့အိမ်မှာ
ခူးဆွတ်လို့ရနေမှာပေါ့။
ဒါပေမယ့်
မလွှဲသာတဲ့ညတွေကိုသိမ်းပိုက်
ဒီကဗျာနဲ့
စင်္ကာပူကိုနှုတ်ဆက်လိုက်တော့တယ်။
မင်းသန့်
|
ကဗျာ ဆိုတာ ဖတ်တဲ့လူနဲ့ အတော်ဆိုင်တာ။
ကိုယ်ကတော့ ခံစားချက်တွေတနင့်တပိုးနဲ့ရေးထားပေမယ့် ဖတ်တဲ့လူက အဓိပါယ်ပေါက်တော့တစ်မျိုးဖြစ်တက်တယ်ဆိုတာ
ရေးဘူးတဲ့လူတိုင်းသိတယ်။
တခါတခါ ရယ်စရာတောင်ဖြစ်သွားတက်သေးတယ်။
မှတ်မှတ်ရရ အဲဒီကဗျာစာအုပ်က ကျွန်တော့ပထမဆုံး တစ်ကိုယ်တော် စာအုပ်ဗျ။
အလကား ဝေတာဆိုတော့ အုပ် ၅၀ ထုတ်တာ အကုန်ကုန်တာပဲ။ဒါတောင် နောက်ဆုံးတစ်အုပ်ကို ယူမယ့်လူမရှိလို့ စာရိုက်ပေးတဲ့ အမကြီးကို ပေးလိုက်ရတယ်
အောင်မြင်တယ်ပဲဆိုပါတော့ဗျာ။
ကျွန်တော့် အကျင့်တစ်ခုက ကျွန်တော့်ကဗျာကို သူများတွေကိုပေးဖတ်ပြီးရင် ကောင်းလား၊မကောင်းလား မမေးပဲ မသိချင်ယောင်ဆောင်နေတက်တာ။
ဒါပေမယ့် စိတ်ထဲကတော့ သူတို့ဘာသာ သူတို့ ဝေဖန်လာမှာ ကိုမျှော်လင့်နေတာပေါ့။ဒါမှလည်း သူတို့ရဲ့တကယ့်ထင်မြင်ချက်ကိုရမယ်လို့ ထင်တာကိုး။
ဒီလိုနဲ့ စာအုပ်ဝေပြီး လို့တစ်ပတ်လောက်သာနေရော၊ဘယ်သူ့ဆီကမှ ဘာသံမှမကြားရတော့ ကျွန်တော့ခင်ဗျာ အတော် မချင့်မရဲဖြစ်နေမိတာပေါ့။
ကံကောင်းချင်တော့ မျိုးဇော် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က လက်ဘက်ရည်ဆိုင်မှာ အဲဒီကဗျာစာအုပ်ကိုဖတ်နေတုန်း ကျွန်တော်နဲ့တဲ့တဲ့တိုးပါလေရော။
ဒါနဲ့ ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ သူဖတ်တဲ့အနားသွားပြီးမယောင်မလည်လုပ်နေလိုက်တယ်။
သူကလည်း သဘောပေါက်တယ်ထင်ပါတယ်၊တစ်ခုခုတော့ပြောမှကောင်းမယ်လို့တွေးမိပြီး ကဗျာစာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ အတော်ကြိုးစားရှာနေလိုက်တာ
“ဆောင်း” ဆိုတဲ့ ကဗျာလဲရောက်ရော အတော်ကြာကြာမျက်မှောင် ကြီးကုပ်ပြီး ဖတ်နေရော။ကျွန်တော်လဲရင်တထိတ်ထိတ်နဲ့စောင့်နေတာပေါ့။အဲဒီကဗျာက ဒီလိုဗျ။
ဆောင်းလေအတိုက်၊နှင်းအရိုက်မှာ
ရွက်ဝါတွေလဲကြွေခဲ့ပြီ။
ရွက်ဝါကြွေသည့်ပင်မြင့်ထက်ဆီ
သဇင်တွေလဲပွင့်ခဲ့ပြီ။
၁၅ မိနစ်လောက်လဲနေရော ကျေနပ်သွားသလို ပြုံးပြီးတော့ ကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်။
“ဟေ့ရောင် ၊ဆောင်းတွင်းမှာ သစ်ရွက်တွေကကြွေလို့လား ဟ”
တဲ့ ။ ကဲ.....ကောင်းရော။
မင်းသန့်
|
သွေးချောင်းစီးအောင် ညတွေကို သောက်ပစ်ခဲ့ပေါ့။
ကဗျာရဲ့တေးသွားနားထောင်သူကြားလိမ့်မယ်။
အသက်မဲ့နေတဲ့အိပ်ယာမှာ အချစ်မပါဘူး၊အလှမပါဘူး။
ဒါပေမယ့် သေနေတာတော့မဟုတ်ဘူးကိုယ့်လူ။
ခင်ဗျားတို့ထင်နေတာမှန်တယ်ထင်နေသေးသမျှလုပ်ပစ်လိုက်စမ်း။
သမုတိသစ္စာတွေအောက်မှာ နောင်တဆိုတာမလိုအပ်ပါဘူး။
“ရဲ” ပစ်လိုက်စမ်းပါ။
ငါ့အတွက်ကတော့ပူမနေနဲ့။
သွေးတစ်စက်စက် ကျတဲ့ ကလောင်တစ်ချောင်းရှိနေသေးသမျှ
နှလုံးသားတွေကိုထိုးဆွ လို့ရသေးတယ်။
နောက်လှည့်ကြည့်လို့ တစ်ယောက်မှပါမလာတောင်
ခြေတစ်လှမ်းမတွန့်ခဲ့ဘူး။
ဒါပေမယ့် ကိုယ့်လမ်းနဲ့ ကိုယ်လျှောက်၊
တူတယ်ထင်တော့လည်း
နှုတ်ဆက်လိုက်ကြတာပေါ့ကွယ်။
မင်းသန့်
|
ခေတ်ကတော့ ဘာခေတ်လဲမမေးနဲ့
နည်းပညာခေတ်
အရှေ့ခြမ်းကပြသနာကိုသိချင်လား
အနောက်ခြမ်းကပြသနာကိုသိချင်လား
ဒါမှမဟုတ် ဘေးအိမ်က ဒေါ်ဘုမအကြောင်းပြောမလား….
ဆိုင်ဆိုင်မဆိုင်ဆိုင်
Internet ဆိုင်ထိုင်ပြီး
ဂျာနယ်ဖတ်နိုင်ရင်
ခပ်မြိုင်မြိုင်လေးတောင်ပြောလို့ရသေး။
အွန်စောက ဘယ်ကဲ့သို့
Beyonce ကဘယ်ချမ်းသာ
Green Day သီချင်းအသစ်လား…..
မစွံပါဘူးကွာ။
ဘယ်ကောင်ကတော့
ဘယ်အသင်းရောက်သွားပြီ
ဟိုပွဲတုန်းက
သောက်နည်းပြကလူထုတ်ပုံမှားနေတယ်။
ဒါနဲ့ မော်ဒယ်(လ)အသစ်လေးက
စကပ်တော်တော်တိုတယ်နော်။
တကယ်သိသိမသိသိ
နဲနဲတော့မိအောင်ဖတ်ထား
ဒါမှလဘက်ရည်ဆိုင်မှာအာကျယ်လို့ရမှာ။
စိတ်ဝင်စားရင် အိုဘားမားရဲ့အကြံပေးအရာရှိ
လုပ်ချင်သေးလား…
အရှေ့အလယ်ပိုင်းအရေးမှာ ဒီလိုသာဆိုရင်….
ဒါပေမယ့်
ကိုယ့်ဝမ်းနာကိုယ်သာသိ
လူငယ်တွေခင်မျာ
ကိုယ်ဘာယုံကြည်မှန်း
ကိုယ့်ဟာကိုယ်မသိရှာကြလို့
ကိုယ့်စာကိုယ်ရေး
ကိုယ့်တေးကိုယ်ဆိုမယ့်
လူငယ်လူတော်များ
ထွက်လာဖို့အရေး
Internet ဘိုးဘိုးကြီးမစတော်မူပါ။
မင်းသန့်
|
နိုဝင်ဘာရဲ့မိုး
ငိုနေတဲ့ကောင်းကင်ကနေ
ရင်ဘက်ထဲထိရွာတယ်။
ခရေတွေတောင်ညှိုးလို့.....
ဝမ်းနည်းနေတဲ့
ကြယ်နှစ်စင်း
မိုးသားတွေနောက်မှာ
တိတ်တိတ်လေးကြွကျသွားတယ်
ဒါပေမယ့်တောင် နဲ့ မြောက်ပဲ။
ဒိုင်ယာရီထဲက
ငါ့ကဗျာတွေ
ဒီအခန်းကျဉ်းထဲမှာ
တိတ်တိတ်လေး ညည်းတွားနေကြ၊
သူတို့ခမျာဆာလှပြီ။
မိုးစက်တွေကအခန်းနံရံကို
ဖောက်ဝင်မတက်၊
အထိတ်တလန့်နဲ့
အခန်းတံခါးကိုထပိတ်လိုက်တယ်
ငါငိုနေတာမင်းမသိစေချင်ဘူး။
--
မင်းသန့်
|
ဘယ်သူကဘယ်လိုစခဲ့မှန်း မမှတ်မိတော့ပေမယ့်၊အဲဒီတုန်းက ဆောင်းတွင်း ဘက် မနက်စောစောဆို ကျွန်တော်တို့သူငယ်ချင်းတွေ တစ်ပါတ်ကို သုံး ရက်လောက်တော့ လမ်းလျှောက်ထွက်ဖြစ်ကြသည်။
သိပ်ဝေးဝေးလံလံ တော့လည်း မဟုတ်၊ကျွန်တော် တို့ရပ်ကွက်မှ ခပ်လှမ်းလှမ်းရှိ ငမိုးရိပ်ချောင်း
တံတားနားထိသာ။
ကျွန်တော် တို့ရပ်ကွက်မှအထွက် လမ်းမကြီးပေါ်သို့ရောက်လျှင် ခရေပင်ကြီးတစ်ပင် ရှိသည်။သူမ သည်ခရေပန်းမြင်လျှင် အလွန်ပျော်တက်ပြီး ကြွေနေသမျှတစ်ပွင့်မကျန် ကောက်တော့သည်။
ကျွန်တော်ကတော့ သူ့မျက်နှာကို ငေးကြည့်ရင်း ခရေပန်းကူ ကောက်ပေးဖို့ပင်မေ့နေတက်ခဲ့သည်။
သူ ခရေပန်းကောက်တာစောင့်ရင်း ကျွန်တော်တို့မှာ ဖြေးဖြေးလျှောက်ပါမှ နာရီဝက် မကြာသောခရီးကို တစ်နာရီလောက်ကြာမှရောက်လေ့ရှိသည်။
မကြာမှီဆောင်းဝင်တော့မည်။သူမအရင်လိုပဲ နှင်းတွေကြားမှာ ခရေပန်း တွေကောက်နေဦးမည်လား...။အလုပ်ချိန်မမှီလို့ ဘက်(စ)ကားတွေကို ပဲဒေါသထွက်နေမလား....။
ဘာပဲဖြစ်ဖြစ် အရင်လိုပဲလှနေဦးမည်ထင်ပါသည်။
မင်းသန့်
|
အဲဒီနေ့တုန်းက ရွှေတိဂုံ ဘုရားပေါ်မှာ လူကခပ်ရှင်းရှင်းရယ်။ကျွန်တော်တို့က မြောက်ဘက်မုဒ် နားက ဇရပ်တစ်ခုမှာထိုင်ကြဖို့ ဆုံးဖြတ်လိုက်တယ်။ထိုင်ပြီးတော့လည်းဘာမှ ထွေထွေထူးထူးကလည်းလုပ်စရာမရှိတော့
သူငယ်ချင်းတစ်ယောက်က ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ထွက်သွားရော။လာတာမှ သုံးယောက်တည်းဆိုတော့ သူနဲ့
ကျွန်တော်ပဲ ကျန်ခဲ့တော့တယ်။
တွေးကြည့်ရင် ရယ်စရာတော့ကောင်းသားပဲ။ကျွန်တော့်မှာ စိတ်တွေလှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေတာ အခုပြန်တွေးတောင်ရယ်ချင်တယ်။သူကပဲ စကားစပြောတယ် နင်“မျက်နှာသီချင်း” နားထောင်ပြီးပြီလား
တဲ့။အဲဒီတုန်းက မျက်နှာသီချင်း ကတရားဝင်မှ မထွက်သေးပဲ။နောက်မှသာ ချစ်သူ့မျက်နှာဆိုပြီး တရားဝင်ထွက်တာကိုး။ကျွန်တော်လည်း မသိဘူး လို့ပဲပြောလိုက်တယ်။ဒါနဲ့သူကငါဆိုပြမယ်ဆိုပြီး ဆိုပြတယ်။
သူကသီချင်းဆိုကောင်းလှတယ်တော့မဟုတ်ဘူး။ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး ခံစားလိုက်ရတယ်။
ဘယ်လိုလည်းဆိုတော့ ကောင်းကင်တစ်ခုလုံး တိမ်တွေမရှိတော့ပဲ အပြာရောင်တွေပဲ ရှိတော့သလိုပဲ၊
နောက်ပိုင်းမှသိရတာက အဲဒီအချိန်က မျက်နှာသီချင်း က သူ့ခံစားချက်နဲ့ တော်တော်တိုက်ဆိုင်နေတာကိုး။ ကျွန်တော်အတွက်တော့ တစ်ဘ၀လုံးစာ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်သွားတော့တယ်
မင်းသန့်
|
အသက်ကိုအပြန်ပြန်အလှန်လှန်
လက်ချိုးရေ
လူမသိတဲ့ငါ့အိပ်မက်တွေ
၂၄ နှစ်ကျော်ခဲ့ပြီ။
တခါကတော့
သူ့ကမ္ဘာကိုသူရှေ့ဆောင်
မှီသလောက်တော့
လင်းပခဲ့မယ်ဆိုတဲ့
အတွေးတွေနဲ့လေ....
ဒါပေမယ့်
ရာသီမမှန်ပဲပွင့်တဲ့ပန်း
မွန်းမတည့်ခင်နွမ်းခဲ့တယ်။
ကောင်းကင်မှာအမှောင်ကျ
ရှိသမျှအကုန်ဆုံးရှုံး
သူ့ခေါင်းကိုငုံ့လိုက်ရလည်း
ရင်ထဲမှာကဗျာတစ်ပုဒ်နဲ့
အချစ်ဆုံးသူရဲ့နာမည်
အစအဆုံး
မပျက်သုန်းပဲကျန်နေသေးပေါ့။
အချစ်ရယ်
ဖြစ်နိုင်သေးရင်
အာပေါင်အာရင်းသံသံနဲ့
ဥက္ကာလက်ဖက်ရည်ဆိုင်တွေထဲက
အူတီးအူတနဲ့ကောင်လေးတစ်ကောင်
ငါပြန်ဖြစ်ချင်သေးတယ်။
ဘာပဲဖြစ်ဖြစ်
ဒီတစ်ည၊နှင်းကျလို့
ခရေတွေများပွင့်ခဲ့ရင်
အရင်လိုပဲခေမာသီလမ်းမပေါ်မှာ
မင်းနဲ့ငါတစ်ခေါက်လောက်
လမ်းအတူတူလျှောက်ကြရအောင်လား။
မင်းသန့်
|
ရက်စက်တဲ့ပွဲသိမ်းခရာမှုတ်သံ
နားထဲကို၊သဲ့သဲ့မဟုတ်ပဲ
စူးရှရှဝင်လာတယ်
ငါ..ရှုံးသွား..ပြီ..တဲ့။
ဘ၀နဲ့ကန်တဲ့ပွဲမှာ
အပြန်အလှန်မကစားရပဲ
ဂိုးပြတ်အောင်ရှုံးခဲ့တယ်။
အချစ်ရယ်
မင်းငါ့ဘက်မှာမနေခဲ့တာ
ချွင်းချက်မရှိ
ပြားစွန်းမထွက်ပဲ
အပြည့်ကိုနိုင်ပါပြီ။
မင်းသန့်
|
ကြယ်မစုံတဲ့ ညရဲ့လကို
ဘာမှာချင်သေးလည်း၊
အထီးကျန်သူချင်း
သတင်းလွေ့လွေ့၊ရှိခဲ့ကြတယ်။
အိပ်မက်ကလန့်နိုးတိုင်း
နောင်တတွေ
တရှိုက်မတ်မတ်၊
ယောင်ကိုင်းနေတဲ့အနာလို
ငါ့နှလုံးသားကထိုင်းအနေခဲ့တယ်။
ဒီလိုနဲ့
မင်းရွေးတဲ့လမ်း ငါ့ဘက်ခြမ်းမှာ
မဟုတ်မှတော့
ငါလျှောက်တဲ့လမ်း
ကန္တာရလိုကြမ်းခဲ့တာ
မဆန်းတော့ဘူးကွယ်။
မင်းသန့်
|