ဖြောင့်ထားသောအချက်

အသက်ကိုအပြန်ပြန်အလှန်လှန်
လက်ချိုးရေ
လူမသိတဲ့ငါ့အိပ်မက်တွေ
၂၄ နှစ်ကျော်ခဲ့ပြီ။
တခါကတော့
သူ့ကမ္ဘာကိုသူရှေ့ဆောင်
မှီသလောက်တော့
လင်းပခဲ့မယ်ဆိုတဲ့
အတွေးတွေနဲ့လေ....
ဒါပေမယ့်
ရာသီမမှန်ပဲပွင့်တဲ့ပန်း
မွန်းမတည့်ခင်နွမ်းခဲ့တယ်။
ကောင်းကင်မှာအမှောင်ကျ
ရှိသမျှအကုန်ဆုံးရှုံး
သူ့ခေါင်းကိုငုံ့လိုက်ရလည်း
ရင်ထဲမှာကဗျာတစ်ပုဒ်နဲ့
အချစ်ဆုံးသူရဲ့နာမည်
အစအဆုံး
မပျက်သုန်းပဲကျန်နေသေးပေါ့။
အချစ်ရယ်
ဖြစ်နိုင်သေးရင်
အာပေါင်အာရင်းသံသံနဲ့
ဥက္ကာလက်ဖက်ရည်ဆိုင်တွေထဲက
အူတီးအူတနဲ့ကောင်လေးတစ်ကောင်
ငါပြန်ဖြစ်ချင်သေးတယ်။
ဘာပဲဖြစ်ဖြစ်
ဒီတစ်ည၊နှင်းကျလို့
ခရေတွေများပွင့်ခဲ့ရင်
အရင်လိုပဲခေမာသီလမ်းမပေါ်မှာ
မင်းနဲ့ငါတစ်ခေါက်လောက်
လမ်းအတူတူလျှောက်ကြရအောင်လား။

မင်းသန့်

ဘောလုံးပွဲ

ရက်စက်တဲ့ပွဲသိမ်းခရာမှုတ်သံ
နားထဲကို၊သဲ့သဲ့မဟုတ်ပဲ
စူးရှရှဝင်လာတယ်
ငါ..ရှုံးသွား..ပြီ..တဲ့။
ဘ၀နဲ့ကန်တဲ့ပွဲမှာ
အပြန်အလှန်မကစားရပဲ
ဂိုးပြတ်အောင်ရှုံးခဲ့တယ်။
အချစ်ရယ်
မင်းငါ့ဘက်မှာမနေခဲ့တာ
ချွင်းချက်မရှိ
ပြားစွန်းမထွက်ပဲ
အပြည့်ကိုနိုင်ပါပြီ။

မင်းသန့်

သို့…မိန်းကလေး..

ကြယ်မစုံတဲ့ ညရဲ့လကို
ဘာမှာချင်သေးလည်း၊
အထီးကျန်သူချင်း
သတင်းလွေ့လွေ့၊ရှိခဲ့ကြတယ်။

အိပ်မက်ကလန့်နိုးတိုင်း
နောင်တတွေ
တရှိုက်မတ်မတ်၊
ယောင်ကိုင်းနေတဲ့အနာလို
ငါ့နှလုံးသားကထိုင်းအနေခဲ့တယ်။

ဒီလိုနဲ့
မင်းရွေးတဲ့လမ်း ငါ့ဘက်ခြမ်းမှာ
မဟုတ်မှတော့
ငါလျှောက်တဲ့လမ်း
ကန္တာရလိုကြမ်းခဲ့တာ
မဆန်းတော့ဘူးကွယ်။

မင်းသန့်

ခံဝန်ချက်

အစကပြောရမယ်ဆို
ဘ၀ကိုလှအောင်
မွေးတည်းကမနေတက်ခဲ့ဘူး။

ရူးနှမ်းနှမ်းအိပ်မက်တွေနဲ့
ကြုံသလိုပျော်တဲ့…ငါ
ခုထိပလက်ဖောင်းတွေပေါ်
လျှောက်နေရတုန်းပဲ။

ဒါပေမယ့်
တစ်ခါတလေတော့လည်း
လွမ်းသလိုလိုဆွေးသလိုနဲ့
အချစ်ကိုတောင့်တခဲ့ဖူးသား…..

အိမ်ရယ်လို့အတိအကျမရှိ
လေနှင်ရာလွင့်ရင်း
စိတ်ကူးကတိမ်တွေပေါ်ထိရင့်ကျူး
အိပ်မက်နဲ့ရူးလဲ
သေချာတယ်
ငါမယုံကြည်တာကိုတော့
ဒီနေ့ထိမလုပ်ခဲ့ဖူးဘူး။

မင်းသန့်

ဘလိုင်းဒေါင်း

သူ့မျက်ဝန်းတွေကိုငါကပြုံဲးပြတော့
သူ့မျက်ဝန်းတွေကငါ့ကိုပြုံးပြကြတယ်
အချစ်မှာစုံလုံးကန်း
ရူးရူးနှမ်းနှမ်းနဲ့ငါ
သူ့အချစ်ကိုငါရတယ်
ဒါပေမယ့်သူ့အချစ်ကိုငါမရဘူး
ရိုးရိုးသားသားကစားပွဲထဲမှာ
ဂျိုကာမပါဘူး
စပိတ်တစ်မပါဘူး
ဒိုင်းမွန်းဆဲဗင်းမပါဘူး
ပိုက်ဆံဖဲတွေမပါဘူး
အချစ်မှာကံမကောင်းတဲ့
ရင်ဘတ်ဟောင်းလောင်းနဲ့ငါ
ဒီတစ်ခါလည်း ဘလိုင်းဒေါင်းပြန်ပြီ။
လင်းကို